ကျွန်မတို့ မိန်းကလေးတွေကို စကားများတယ်၊ စကားတွေ ပြောတယ် ၊ ဆူတယ် ညံတယ်ရယ်လို့ အပြစ်တင်တတ်ကြပါ တယ်။ မိန်းကလေးတွေ စုမိရင် ကျွတ်စီ ညံစီနဲ့ တကယ်လည်း စကားတွေများတာပါပဲမို့ အပြစ်ပြောသူတွေ အလွန်တော့
လည်း မဟုတ်ပါဘူးလေ။ စကားကို စာနဲ့သာ ချရေးပြီးပြောတတ်တယ်။ အပြင်မှာ မလိုအပ်ရင် စကားမပြောဘူးလို့ ဆိုပြီး no money, no talk လို့ မောင်နှမတွေက နောက်တတ်ကြတဲ့ ကျွန်မတောင် သူငယ်ချင်းတွေနဲ့ စုမိရင် စကားဝိုင်းထဲမှာ ပါသွားတတ်တာပဲလေ။ မိန်းကလေးတွေ ဘာတွေပြောတတ်ကြသလဲ၊ ဘာတွေ ပြောကြသလဲဆိုတာကို နားထောင်ကြည့်ကြဖူးပါသလား။ အရည်မရ၊ အဖတ်မရတွေချည်းပဲလို့ ထင်ကြပါသလား။ မိန်းကလေးတွေ ပြောတဲ့စကားတွေကတော့ ချက်နည်း၊ ပြုတ်နည်းတွေအကြောင်း ၊ recipe တွေအကြောင်း၊ အင်္ကျီ အဝတ် ဖက်ရှင်အကြောင်း၊ မိတ်ကပ် ၊ skin care အကြောင်း ၊ ကလေးနေမကောင်းလို့ ဆရာဝန်ပြရတဲ့အကြောင်း၊ အိမ်က ခန်းဆီးတွေကို ဘယ်မှာ ချုပ်တယ်ဆိုတဲ့အကြောင်း၊ ခြံထဲမှာ ဘာပင်တွေ စိုက်ထားတယ်ဆိုတဲ့ အကြောင်း၊ အားလပ်ရက်တွေမှာ ဘယ်တွေကို ကလေးတွေကို လိုက်ပို့ပေးတယ်ဆိုတဲ့အကြောင်း၊ ဘယ်တွေကို သွားတယ်ဆိုတဲ့အကြောင်း၊ သွားဆရာဝန်အကြောင်း၊ အထူးကုဆရာဝန်များအကြောင်း စတာတွေအပြင် ကမ္ဘာ့သတင်းများလည်း ပါတတ်ပါသေးတယ်။ အသက်အရွယ်နဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီးတော့ ကိုရီးယားမင်းသား၊ အဆိုတော်၊ ဟောင်ကောင်တရုတ်မင်းသား၊ ရုပ်ရှင် ၊ သီချင်း စတာတွေလည်း ပါနိုင်ပါတယ်။
ကျွန်မရဲ့ လုပ်ငန်းခွင်ဖြစ်တဲ့ သုတေသနသမားများ စုနေရာ ရုံးခန်းလေးမှာ မိန်းကလေးချည်း ၆ ယောက်ရှိပါတယ်။ အားလုံးက post graduate ကျောင်းသူများလည်းဖြစ် ၊ ဆရာမများလည်းဖြစ်ကြတဲ့ တစ်နေ့တည်း ဘဝနှစ်မျိုးကို ပိုင်ဆိုင်ထားကြသူတွေပေါ့။ အဲဒီထဲမှာ ယူကေကလာတဲ့ ရီဂျီနာ နဲ့ အိုမန်ကလာတဲ့ ဘာ့ရှား တို့နှစ်ယောက်ကတော့
industrial field ကနေ လာတာမို့ စာသင်ပြခြင်းကို စိတ်မဝင်စားလို့ အချိန်ပိုင်းဆရာမ အဖြစ် အလုပ်မလုပ်ကြပါဘူး။ကျွန်မနဲ့ နောက် မလေးရှားနိုင်ငံသူ ၃ ဦးဖြစ်တဲ့ ဘရစ်ဂျစ်၊ တီနာ နဲ့ ရှယ်ရွန်တို့ ကတော့ ဆရာမလည်းလုပ်၊ ကျောင်းသူလည်းဖြစ်နဲ့ အပြေးအလွှား စာသင်ခန်းသွားလိုက်၊ သုတေသနပြုလုပ်ရာ laboratory ကိုပြေးလိုက်၊ စာကြည့်တိုက်ကိုသွားလိုက်၊ ကျောင်းအပြင်ထွက်ပြီး သုတေသနအတွက် လိုအပ်တာတွေ ထွက်ဝယ်စရာရှိက ဝယ်၊ အခြား ရုံးများနဲ့ ဆက်သွယ်စရာရှိတာတွေ ဆက်သွယ်နဲ့ အမြဲပဲ ပြေးပြေးလွှားလွှား သွားသွားလာလာ ဆိုတာမျိုးမှာ
တောင် ခဏလေးနားတဲ့အချိန် ရုံးခန်းထဲမှာ စုမိရင် ကွန်ပျုတာမှာ အီးမေးလ်စစ်ရင်း၊ အီးမေးလ်ပြန်ရင်း၊ ကွန်ပျုတာနဲ့ လုပ်ရတဲ့ ရုံးလုပ်ငန်းဆောင်တာတွေ လုပ်ရင်းနဲ့တောင် စကားတွေ ပြောနိုင်ကြပါသေးတယ်။
ကျွန်မတို့ မိန်းကလေးတွေရဲ့ စွမ်းရည်တွေပေါ့လေ။
များသောအားဖြင့် စကားဝိုင်းကို ဦးဆောင်သူက ရီဂျီနာနဲ့ ဘရစ်ဂျစ် ဖြစ်တတ်ပါတယ်။ ပိတ်ရက်တွေမှာ ချိန်းပြီးတော့ ကလေးတွေကို ကစားကွင်းအတူုပို့ပေးတာ၊ ဆိုင်တွေမှာ လိုက်ကျွေးတာမျိုးတွေ လုပ်ပေးတဲ့ ကလေးများမိခင်များဖြစ်တဲ့ ရီဂျီနာနဲ့ ဘာ့ရှားကလည်း ကလေးတွေ အကြောင်း ပြောတတ်ကြပါတယ်။ ကျန် ၄ ယောက်ကတော့ လူလွတ်မိန်းကလေးများ ဖြစ်ကြပေမယ့် အလှအပကိုစိတ်ဝင်တစား အလှပြင်နေနိုင်တဲ့သူများ မဟုတ်တာကြောင့် ပြောတဲ့စကားများဟာ မိန်းကလေးတွေနဲ့ သက်ဆိုင်တာတွေနည်းလို့ နိုင်ငံတကာစာတမ်းဖတ်ပွဲများအကြောင်း၊ pilot plant အကြောင်း၊ ကျောင်းသားတွေ လက်တွေ့လုပ်တဲ့အခါ မှားတတ်တဲ့ အမှားတွေအကြောင်း စတာတွေ ဖြစ်နေတတ်ကြပါတယ်။ ထူးထူးဆန်းဆန်းတွေ အဖြစ်နဲ့ကတော့ ကျောင်းက ဘယ်ဆရာက ဂေးဆိုတာမျိုးတွေပေါ့။
ဒီ စကားဝိုင်းထဲကနေ ချက်နည်း၊ ပြုတ်နည်း အသစ်တွေ ရသလို၊ မုန့်ဖုတ်နည်း အသစ်များကိုပါ ကျောင်းပိတ်ရက် အိမ်မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။ ဘယ်နေရာမှာ ဘာတွေ လျှော့ဈေးတွေ ဈေးချထားတယ်ဆိုတာကိုလည်း သိနိုင်ပါတယ်။ ဘယ်လေကြောင်းလိုင်းက promotion လုပ်နေတဲ့အတွက် လေယာဉ်လက်မှတ် ဈေးသက်သာတယ်ဆိုတဲ့အကြောင်းရယ်၊ကျောင်းပိတ်ရက်မှာ အိမ်ပြန်ကြမယ့်သူတွေအတွက် ဒီဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ဆွေမျိုးသားချင်း၊ မိတ်ဆွေများအတွက် အမှတ်တရ ဝယ်သွားမယ့်သူများအတွက် ဘယ်နေရာ၊ ဘယ်ဆိုင်က ဈေးသက်သာတယ်ဆိုတာ သိနိုင်ပါတယ်။ ပန်းကန်ဆေးစက်လိုချင်လို့ ဘာ တံဆိပ်ဝယ်ရင် ကောင်းမလဲဆိုတာကို လမ်းညွှန်ပေးကြပါလိမ့်မယ်။ တကယ်တော့ မိန်းကလေးတွေ စကားဝိုင်းက လမ်းညွှန်စာအုပ်လိုပါပဲ။ သွားဆရာဝန်ကောင်းကောင်း ဘယ်သူဆိုတာရယ်၊ ကလေးတွေ မွေးနေ့လုပ်တဲ့အခါ ဘယ် မွေးနေ့စီစဉ်သူ အေးဂျင်စီက ကောင်းတယ်ဆိုတာရယ်၊ မျက်လှည့်ဆရာ၊ clown ဘယ်မှာ ငှားလို့ရနိုင်တယ်ဆိုတာက စလို့ ဘယ်ကုန်တိုက်မှာ ဘယ်သူ အလုခံရလို့၊ ကားခိုးခံရလို့ စတာတွေပါ ပါဝင်ပါတယ်။ မြို့ထဲမှာဖြစ်နေတဲ့ နောက်ဆုံးပေါ် သတင်းတွေကို သတင်းစာဖတ်စရာမလိုဘဲ ကျွန်မတို့ မိန်းကလေးတွေ စကားဝိုင်းကနေ ရရှိနိုင်တာပါပဲ။
ကောင်းကောင်းမွန်မွန်စကားတွေ ပါတတ်သလို ပေါက်တတ်ကရတွေလည်း ပါတတ်ပါသေးတယ်။ အားလပ်ရက်မှာ ဘယ်နေရာကို သွားမလဲ စဉ်းစားနေကြတဲ့အခါမှာ နီးနီးနားနား စင်္ကာပူကို သွားဖို့ ပြောတဲ့ ဘရစ်ဂျစ်ကို ရီဂျီနာနဲ့ ရှယ်ရွန် က စင်္ကာပူမသွားချင်တဲ့အကြောင်း၊ စင်္ကာပူရောက်ရင် အင်္ကျီ ဆိုင်တွေထဲရောက်ရင် သူတို့ကိုယ်သူတို့ ဝနေပြီဆိုတာ သတိပြုမိတဲ့အကြောင်းနဲ့ အင်္ကျီ သူတို့အတွက် ဆိုက်ဇ် မရှိတဲ့အကြောင်းတွေကြောင့် စင်္ကာပူကို ပယ်ချလိုက်ပြီး သူတို့ ပိန်သွယ်နေမယ့် သြစတေးလျကို သွားဖို့ ရွေးချယ်လိုက်တဲ့အကြောင်းတွေ ပြောတော့ ကျွန်မက သူတို့ကို ကျောခိုင်းကာ ကွန်ပျူတာမှာ အလုပ်လုပ်နေရင်းနဲ့က မရယ်ဘဲ မနေနိုင်တော့ပြန်ဘဲ ထ အော်ရယ်မိပါတော့တယ်။ စင်္ကာပူက မိန်းကလေးတွေ ပိန်တဲ့အကြောင်းနဲ့ စင်္ကာပူကနိုင်ငံသား ယောက်ျားများကလည်း ပိန်တာလေးတွေပဲ ကြိုက်တဲ့အကြောင်း၊ ချစ်သူမိန်းကလေးက နည်းနည်းလေး ဝလာပြီဆိုရင် ပစ်သွားတတ်ပြီး နောက်ထပ် ပိန်တဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တဲ့အကြောင်း၊ ဒီလို ပြားချပ်ချပ်တွေကိုပဲ ကြိုက်တဲ့ ယောက်ျားတွေကို အံ့သြမိကြောင်း၊ စင်္ကာပူကယောက်ျားများဟာ အတော်လေးကို တုံးတဲ့အကြောင်း၊ They never know, because they never try. ဆိုပြီးတော့ ပြောနေကြတဲ့သူတို့ဟာ ကျွန်မ ချော့ကလက်စားတိုင်းမှာ ၊ ကျွန်မ မုန့်တွေစားတိုင်းမှာ သူတို့တွေ ကျွန်မနဲ့ အတူလိုက်မစားရဲဘဲ ကိုယ်အလေးချိန်ထိန်းနေကြတာမှာ ကိုယ့်ကိုကိုယ် အားပေးတဲ့စကားမျိုးတွေနဲ့ ရယ်စရာ ဟာသတွေလုပ် သူများကို အပြစ်တင်ပြောနေကြတာတွေမှာ ကျွန်မ မရယ်ဘဲလည်း မနေနိုင်ပြန်ပါဘူး။
ကျွန်မ ရဲ့ တူလေး ၁ လသားအရွယ်ရောက်ချိန်မှာ လေနာ ၊ လေထိုးတော့ ကောင်းကောင်း မအိပ်ဘဲ ငိုပြီး ဂျီတိုက်နေတာကြောင့် တစ်အိမ်လုံး ဘယ်သူမှ မအိပ်ရဘဲ ကလေးကိုချော့ကာ အိပ်ရေးပျက်တဲ့ညတွေဟာ ကျွန်မတို့ မိန်းကလေးစကားဝိုင်းမှ ရရှိတဲ့ ဘယ်ဆိုင်မှာ gripe water ကလေး လေနာပျောက်ဆေး ဝယ်လို့ရတယ်ဆိုတာရယ်နဲ့ အတော်လေးကို တန်ဘိုးရှိခဲ့ပြီး တူလေး ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်သွားတာကြောင့် ကျွန်မတို့ တစ်အိမ်လုံးလည်း စိတ်ချမ်းသာသွားရပါတယ်။ ဒီမှာက ဆရာဝန်တွေက မလိုအပ်ရင် ဆေးမပေးဘူးဆိုတော့ ကလေး ငိုတယ် လေထိုးလို့ဆိုတာကိုသိတယ် ဒါပေမဲ့ ဘာဆေးမှ ဆရာဝန်ကမပေး၊ ဆေးပေးဖို့မလိုဘူး..ဒါကလေးတိုင်း ဒီအချိန်မှာ ဒီလိုပဲဖြစ်တယ် ၊ ၃ လသားလောက်အထိ ဖြစ်နေဦးမယ်ဆိုတော့ ကျွန်မတို့မှာ ကလေးက ဒီလောက် ငိုတာကို ချော့မော့ရုံမှ အပ မတတ်နိုင်တော့ဘူး ထင်ထားမိတာမှာ ကလေးအမေများဖြစ်ကြတဲ့ ရီဂျီနာနဲ့ ဘာ့ရှားတို့နဲ့ စကားဝိုင်းကနေ ရရှိလာတဲ့ အကျိုးကျေးဇူးပါပဲ။
တကယ်တမ်းကျတော့ မိန်းကလေးတွေရဲ့ စကားဝိုင်း၊ မိန်းကလေးတွေ ပြောတဲ့စကားတွေဟာ နေ့စဉ် လက်တွေ့ လူမှုဘဝမှာ အတော်လေးကို အသုံးကျ မှတ်ဘွယ်တွေပါပဲ။ လုပ်ငန်းခွင်မှ မိန်းကလေးများအဖို့ ယောက်ျားများနှင့် အတူ အလုပ်လုပ်နေရတဲ့အခါမှာ ဘယ်သူက ဘယ်လိုဆိုတာမျိုး ဆောင်ရန်၊ ရှောင်ရန်လေးတွေကလည်း မိန်းကလေးတွေ စကားဝိုင်းကနေ သိလာတာတွေပါပဲ။ ကျွန်မတို့ မိန်းကလေးတွေ စကားပြောတယ် စကားများတယ်ဆိုတာ့ အကျိုးမဲ့တဲ့အရာမှ မဟုတ်ဘဲနော်။ ဒါလေးတော့ ခွင့်လွှတ်သင့်ပါတယ်။
ကိုယ်သိလိုတာရှိရင် လမ်းညွှန်စာအုပ်ကလည်း အနားမှာ ရှိမနေဘူးဆိုရင်၊ လမ်းညွှန်စာအုပ်ထဲမှာ ပါတဲ့အကြောင်းအရာ မဟုတ်ဘူးဆိုရင် မိန်းကလေးတစ်ယောက်ကိုသာ မေးလိုက်ပါ။ သူမက မသိဘူးဆိုရင်တောင် သိတဲ့သူတွေကို သူမ သိပါလိမ့်မယ်။ မကြာခင် အချိန်တိုလေးမှာပဲ တန်ဖိုးရှိတဲ့စကားတွေ ၊ သတင်း အင်ဖော်မေးရှင်းတွေ သူမ ဆီက ရလာပါလိမ့်မယ်။ ;)
(99sanay)

No comments:
Post a Comment