မိန်းမနှင့်အချစ်
ယောက်ျားတစ်ယောက်အတွက်
အချစ်ဆိုသည်မှာ ယောက်ျားအတ္တကို စိတ်ကျေနပ်ရောင့်ရဲမှုပေးနိုင်စရာ
အခိုက်အတန့်ကြားခံနယ်တစ်ခုဖြစ်သော်လည်း မိန်းမတစ်ယောက်အတွက်တော့
အချစ်ဆိုသည်မှာ ခြေစုံပစ်ဝင်လိုက်ရသော နယ်ပယ်သစ်တစ်ခုသာဖြစ်သည်။
ယောက်ျားတစ်ယောက်ဟာ
မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီမိန်းမနဲ့ပတ်သတ်သမျှ အရာရာကို
သူတစ်ဦးတည်း စိုးမိုးပိုင်ဆိုင်လိုခြင်းပဲ ဖြစ်ပါတယ်။ သူချစ်တဲ့မိန်းမ
သူတစ်ယောက်တည်းအပေါ် စွဲလမ်းတမ်းတအောင် သူဘယ်လိုဆွဲဆောင်ကြိုးစားရမလဲဆိုတဲ့
လောဘနဲ့အတ္တဟာ ယောက်ျားရဲ့အချစ်ဖြစ်တယ်။ ဒါပေမယ့် မိန်းမတစ်ယောက်က
ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ဘ၀ဟာ ယောက်ျားရဲ့ ဘ၀ထဲကို
အလိုအလျောက် စီးဝင်သွားရတယ်။ ကိုယ်ချစ်တဲ့သူကို
ကိုယ်ဘာတွေပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းမတိုင်းမှာရှိနေပါတယ်။
ဒါဟာ မိန်းမရဲ့ဗီဇစိတ်သာဖြစ်တယ်။ စွန့်လွှတ်အနစ်နာခံမှုလည်း မဟုတ်ဘူး။ ဒါဟာ
အလိုအလျောက် ဖြစ်ပေါ်တဲ့ အညံ့ခံစိတ်ပါ။ ဒါကို မြင့်မြတ်မှုလို့
ကိုယ်မပြောလိုပါဘူး။ ဖြစ်ချင်းဖြစ်ရင် ဒါဟာ မိုက်မဲမှုသာ ဖြစ်ပါလိမ့်မယ်။
မိန်းမတွေကို
မိုက်မဲတဲ့သတ္တ၀ါတွေ ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့
သတ္တ၀ါတွေအဖြစ် ဟိုးရှေးကာလတွေကတည်းက စကားပုံတွေ ၊ ပုံဝတ္ထုတွေနဲ့
ခိုင်းနှိုင်းကိုးကားပြောခဲ့ကြတယ်။ ဒါဟာ မိန်းမတွေဘက်က နာစရာလို့ထင်ရပေမယ့်
အထိုက်အလျောက်တော့လည်း မှန်ကန်နေပြန်ပါတယ်။ ယောက်ျားတွေရဲ့အချစ်ဟာ
ဘ၀မှာအစိတ်အပိုင်းတစ်ခုသာဖြစ်တယ်။ မိန်းမတွေရဲ့အချစ်ကတော့
သူမရဲ့ဘ၀တစ်ခုလုံးသာဖြစ်တယ်။ ဘ၀တစ်ခုလုံးကို
ပုံအပ်ရင်းနှီးပြီးချစ်လိုက်ရတဲ့ မိန်းမတစ်ယောက်မှာ ဦးနှောက်ရဲ့
စဉ်းစားဆုံးဖြတ်မှုအပိုင်းက ဘယ်မှာလဲ ၊
ဘယ်နေရာမှာများရှိနေနိုင်ဦးမှာလဲကွယ်။
မိန်းမနှင့်ပတ်ဝန်းကျင်
မိန်းမတွေရဲ့
ဂုဏ်သရေကို ပတ်ဝန်းကျင်က အကဲဖြတ်သတ်မှတ်ပေးတတ်တဲ့အတွက် မိန်းမတွေဟာ
ပတ်ဝန်းကျင်အကဲဖြတ်မှုကို စိုးရွံ့တွန့်ဆုတ်ကြလိမ့်မယ်လို့ ထင်စရာရှိပါတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ဖိအားကို သွေးအေးအေးနဲ့ အာခံတွန်းလှန်သူတွေဟာ
ယောက်ျားတွေမဟုတ်ဘဲ မိန်းမတွေဖြစ်တယ်လို့ ကိုယ်ကောက်ချက်ချရင်
မောင်အံ့သြသွားမှာလား။ ကိုယ့်ချစ်သူသာ ကိုယ့်ဘက်မှာ ရပ်တည်ပါစေ။
ပတ်ဝန်းကျင်တစ်ခုလုံး ၊ လောကတစ်ခုလုံးနဲ့ ဆန့်ကျင်ရမယ်ဆိုရင်တောင်
မိန်းမတွေဟာ ဆန့်ကျင်ရဲတယ်။ ပတ်ဝန်းကျင်နဲ့သူမကြားမှာ ချစ်သူရှိနေသရွေ့
ချစ်သူဟာ အဲဒီမိန်းမအတွက် မဟာရံတံတိုင်းကြီးတစ်ခုပါပဲ။ အဲဒီလောက်အထိ
မိန်းမတွေဟာ ချစ်သူအပေါ် အားကိုးယုံကြည်ကြပါတယ်။
မိန်းမနှင့်လက်ထပ်ခြင်း
ယောက်ျားနှင့်မိန်းမအကြား
တစ်သက်တာ အတိုင်းအဆမဲ့ရင်းနှီးစွာ တာဝန်ယူနိုင်ရန် တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ကတိသစ္စာဖြင့် လက်ထပ်ကြသော်လည်း လက်ထပ်ခြင်းအပေါ်
နားလည်ခံစားပုံခြင်း အလွန်ကွာခြားပါသည်။ ယောက်ျားသည် မိန်းမကို
မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မြေယာတို့အနက် တစ်ခုအပါအ၀င်ဖြစ်သော
တပ်မက်ဂုဏ်ယူစွာ စောင့်ရှောက်ရမည့် ပစ္စည်းသစ်တစ်ခုဖြစ်လာရန်
လက်ထပ်ယူလေ့ရှိပြီး မိန်းမသည် ယောက်ျားကို တစ်သက်တာ မိမိအားအကာအကွယ်ပေးမည့်
လေးစားမြတ်နိုးဖွယ် ကောင်းကင်သစ်တစ်ခုအဖြစ် လက်ထပ်ခြင်းဖြစ်သည်။
အိမ်ထောင်သည်ဘဝ
အချစ်ဆိုတာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တွဲဖက်ပြီးကရတဲ့ သိမ်မွေ့နက်နဲတဲ့
ကကြိုးကကွက်တွေနဲ့ တူပါတယ်။ နှစ်ယောက် အပေးအယူမျှဖို့အတွက် တစ်ယောက်က
ရှေ့ကိုခြေလှမ်းတစ်လှမ်းရင် နောက်တစ်ယောက်က နောက်ကို
တစ်လှမ်းဆုတ်ပေးရလိမ့်မယ်။ ကကွက်ကိုဦးဆောင်သူက ယောက်ျားဖြစ်ပြီး
နောက်ကလိုက်တဲ့သူဟာ မိန်းမဖြစ်တယ်။ ဦးဆောင်သူရဲ့ ပီတိကျေနပ်မှုကို
နောက်ကလိုက်သူကသာ စွမ်းဆောင်ပေးအပ်ရလေ့ရှိတယ်။
ယောက်ျားတွေဟာ
ပတ်ဝန်းကျင်ပေါ်မှာ လိုက်လျောရလို့ ကျဆင်းသွားတဲ့ယောက်ျားမာနတွေ ၊
လူသားမာနတွေကို သူ့ဇနီးဆီကနေ ပြန်ပြီးဖြည့်ယူလေ့ရှိပါတယ်။ အိမ်ထောင်သည်
ချစ်ခြင်းအနုပညာမှာ ခင်ပွန်းသည်ရဲ့ ဖန်တီးပုံသွင်းမှုအတတ်ပညာက
အရေးကြီးတယ်ဆိုရင် ဇနီးသည်ရဲ့ပျော့ပျောင်းလိုက်လျောမှု အတတ်ပညာဟာလည်း
အရေးကြီးပါတယ်။ ယောက်ျားတစ်ယောက်ဟာ သူ့ဇနီးသည်ကို မာကျောတဲ့
အဖိုးတန်ကျောက်တုံးတစ်တုံးဖြစ်ဖို့ထက် ပျော့ပျောင်းပြီး
ပုံသွင်းဖို့လွယ်ကူတဲ့ ရွှံ့စေးတုံးကလေးဖြစ်ဖို့ ပိုပြီးဆန္ဒရှိတယ်ဆိုတာ
ကိုယ်သိတယ်။
ကိုယ်တို့မိန်းမတွေဟာ ယောက်ျားတွေရဲ့
အတ္တနဲ့မာနကို အမြဲထည့်သွင်းစဉ်းစားပေးခဲ့သလောက် ယောက်ျားတွေကတော့
မိန်းမတွေရဲ့အတ္တနဲ့မာနကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့ကြဘူး။ မိန်းမတွေဟာ
သူတို့ချစ်တဲ့ ယောက်ျားတွေအပေါ် ဘယ်လောက်ပဲ သည်းညည်းခံလိုက်လျောနေပေမယ့်
နောက်ကွယ်မှာ ငုပ်လျိုးနေတဲ့ မိန်းမသားမာနဆိုတာရှိတယ်။ အဲဒီမာနကို
အကြိမ်များစွာ ထိပါးခံရတဲ့အခါ မိန်းမဟာ သူချစ်တဲ့ ယောက်ျားအပေါ် မထင်မှတ်တဲ့
တုံ့ပြန်မှုမျိုးပေးလိုက်မိတတ်ပါတယ်။ မိန်းမတွေဟာ အနိုင်မယူချင်ကြပါဘူး။
သူတို့လိုချင်တာ မျှတမှု ၊ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် နားလည်လိုက်လျောမှုပါ။
ဒါပေမယ့် ဒီလောက်အတိုင်းအတာလေးတောင် ကိုယ်တို့မရခဲ့ကြပါဘူး။
တစ်ချိန်ချိန်မှာ ရလေမလားလို့ စောင့်ဆိုင်းရတဲ့ ကာလကြာရှည်လာတာနဲ့အမျှ
ကိုယ်တိုင်တောင်မသိနိုင်တဲ့ အတ္တဟာ တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။
မိန်းမတစ်ယောက်က
ယောက်ျားအပေါ် အနိုင်ရတယ်ဆိုတဲ့နေရာမှာ အလွန်ဆုံးစိတ်ခံစားမှုကိုသာ
အနိုင်ရတာပါ။ အဲဒီယောက်ျားရဲ့ဘ၀နဲ့ ပတ်ဝန်းကျင်အပေါ်မှာတော့ ဘယ်နည်းနဲ့မှ
အနိုင်မရနိုင်ပါဘူး။ ယောက်ျားတစ်ယောက်က မိန်းမအပေါ်အနိုင်ရပြီဆိုရင်တော့
မိန်းမရဲ့စိတ်ခံစားမှုကိုသာမက ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ကိုပါ
အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်မိန်းမရဲ့ ဘ၀နဲ့မိန်းမအပေါ်
အကဲဖြတ်ကောက်ချက်ချမယ့် ပတ်ဝန်းကျင်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။
ယောက်ျားတစ်ယောက်ရဲ့ အရှုံးဟာ အချိန်ကာလ ကန့်သတ်ချက်ရှိပေမယ့်
မိန်းမတစ်ယောက်ရဲ့ အရှုံးကတော့ အချိန်ကာလ ကန့်သတ်လို့မရတဲ့
တစ်ဘ၀စာအရှုံးပါပဲ။ ကိုယ်တို့မိန်းမတွေဟာ မိန်းမဖြစ်နေသမျှ ယောက်ျားတွေနဲ့
ညီမျှတဲ့ အခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မှာမဟုတ်ဘူး။ နောက်ဆုံးတော့
ကိုယ်ကောင်းကောင်းသဘောပေါက်ခဲ့ရပါပြီ။
လက်ထပ်ခြင်းဟာ
ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် သည်ကြိုးဟာ ၊ ယောက်ျားကိုချည်နှောင်တဲ့ကြိုး
မဟုတ်ဘဲ ဇနီးဖြစ်သူကိုသာ ချည်နှောင်ထားတဲ့ကြိုးဖြစ်တယ်´
မိန်းမနှင့်အရှုံး
သာမာန်အားဖြင့်
မိန်းမတစ်ယောင်သည် မိမိ၏ ချစ်သူက မိမိထံမှ အရာများစွာ
တောင်းဆိုဆန္ဒပြုနေသရွှေ့ မိမိကိုယ်မိမိ ချစ်သူအတွက်
အရေးတကြီးလိုအပ်သူတစ်ယောက်အဖြစ် လက်ခံပြီး ကျေနပ်နှစ်သက်စွာ
ပေးဆပ်နေလေ့ရှိပါသည်။ မိန်းမ တစ်ယောက်အတွက် ၀မ်းနည်းကြေကွဲစရာ
အကောင်းဆုံးအချိန်မှာ ချစ်သူက မိမိထံမှ ဘာမှ
မလိုအပ်တော့သည့်အချိန်သာဖြစ်သည်။ ထို့ကြောင့်လည်း မိန်းမများသည်
ယောင်္ကျားများအပေါ် ပေးဆပ်နေရသမျှ အရှုံးဟု သတ်မှတ်လေ့မရှိကြပါ။
သို့သော်
ယောင်္ကျားကိုယ်တိုင်က မိန်းမအပေါ် မိမိအနိုင်ရမှ ဖြစ်မည်ဟုသည့် အတ္တစိတ်
ဖြစ်ပေါ်လာသည့်အခါ ထိုစိတ်၏ တန်ပြန်သက်ရောက်မှု အဖြစ် မိန်းမသည်
မိမိရှုံးနိမ့်နေရသည်ဟူသောအသိဖြင့် မိမိ၏ပေးဆပ်မှုအပေါ် ရှက်ရွံနာကျြ်းစိတ်
ဝင်လာတက်ပါသည်း
ထိုသို့ဖြင့် မိန်းမိတို့၏ အရှုံးစတင်ခဲ့သည်။
မိန်းမနှင့်အမုန်း
မိန်းမတစ်ယောက်သည် မိမိ၏ ခင်ပွန်းသို့မဟုတ် ချစ်သူအပေါ်မှာ မနှစ်သက်စွာ
ငြင်းပယ်လိုမှုကိုခံစားလာရချိန်တွင် ထိုခံစားချက်သည် မိန်းမကို
သူမချစ်သူထံမှ ခွဲခွာစေသည်ထက် ပိုမိုငြိတွယ်အောင်တွန်းအားပေးလေ့ရှိပါသည်။
ယောက်ျားတစ်ယောက်သည် မိမိ၏ဇနီးသည်ကို မုန်းတီးစပြုလာချိန်မှာ သူမထံမှ
ဝေးနိုင်သမျှ ဝေးဝေးထွက်ခွာပြေးဖို့ ကြိုးစားတက်သော်လည်း
မိန်းမတစ်ယောက်အတွက်တော့ ဆန်ကျင်ဘက်ဖြစ်၏
မိန်းမတစ်ယောက်သည်
မိမိမုန်းတီးသော ချစ်သူသို့မဟုတ် ခင်ပွန်းသည်ကို မိမိ၏အနားမှာ ရှိနေဖို့
ဆန္ဒရှိတက်သည် အဘယ်ကြောင့် ဆိုသော မိန်းမသည် မိမိမုန်းတီးသော ချစ်သူထံမှ
မိမိခံစားခဲ့ရသမျှကို ပြန်လည်ပေးဆပ်စေလိုသောကြောင့်ဖြစ်သည်........
(ရလဒ်တစ်ခုဖြစ်ပေါ်သွားတဲ့နောက်မှာ
အကြောင်းအရင်းဆိုတာတွေ ရည်ရွယ်ချက်ဆိုတာတွေက ဘာအဓိပါယ်ရှိတော့မှာလဲ၊
ကျွန်တော့်ရဲ့ကိုယ့်ကျင့်သိက္ခာကို အခြားယောင်္ကျားတစ်ယောက်ရဲ့
ခြေဖ၀ါးအောက်ရောက်အောင် တွန်းပို့လိုက်တဲ့ ခင်ဗျားရဲ့ စိတ်ခံစားချက်ဟာ
အချစ်ဖြစ်ပါတယ်လို့....ခင်ဗျားကျိန်တွယ်ပြောလဲ ကျွန်တော်မယုံဘူးယောင်္ကျား
နှစ်ယောက်လုံးကို တစ်ပြိုင်နက်ထဲကစားချင်တဲ့ မိန်းမတစ်ယောက်မှာ
ဘာတန်ဖိုးများကျန်အုံးမှာလဲ ဘာဂုဏ်သရေများရှိအုံးမှာလဲ ၊
အဲဒီမိန်းမမျိုးကို ဘယ်ယောင်္ကျားကဘယ်လောက်ဆက်ပြီး မြတ်နိုးနိုင်မှာလဲ.....)
('ကိုယ်တို့မိန်းကလေးတွေမှာ
မိခင်စိတ်ဟာ မသိစိတ်မှာရော
အသိစိတ်မှာလဲရှိတယ်...အသစ်နှစ်နှစ်သုံးနှစ်အရွယ်ဆိုတဲ့မိန်းကလေးတွေ
လင်ယောင်္ကျားဆိုတာ ဘာရယ်လို့ မသိတဲ့ကလေးတွေဟာ ဘယ်လိုကစားနည်းကိုကစားတက်လဲ
မောင်သိလား၊ သူတို့ရဲ့ကော်ရုပ်ကလေးတွေကို အ၀တ်နဲ့ထွေးပွေ့
ရင်ခွင်မှာပိုက်ပြီး မိခင်လုပ်တမ်းကစားတက်ကြတယ်။ မောင်တို့ ယောင်္ကျားတွေ
ငယ်ငယ်တုံးကဖခင် လုပ်တမ်း ကစားဖူးတဲ့သူများရှိရင် ပြောစမ်းပါ ပြောပြစမ်းပါ)
(အချစ်စိတ်ဆိုတာ
အလိုအလျောက်ဖြစ်ပေါ်လာတဲ့အရာပဲ၊ ဆင်ခြင်ဥာဏ်မှမပါတာ၊ဒါပေမယ့်
လက်ထပ်တယ်ဆိုတာ အလိုအလျှောက်ဖြစ်တဲ့ အရာမဟုတ်ဘူးလေ ဆင်ခြင်ဥာဏ်ပါတယ်
ရွေးချယ်မှုပါတယ်....)
("မိန်းမတစ်ယောက်ဟာမနက်အိပ်ယာထတဲ့အခါ
ကိုယ့်ချစ်သူမျက်နှာကိုမြင်ချင်တယ်၊ ချစ်သူအတွက် လိုအပ်သမျှ အ၀တ်အစား၊
အစားအသောက် အသေးအဖွဲ့လေးတွေကို
ကိုယ့်ကိုယ်တိုင်ရဲ့ဆန္ဒနဲ့ညွန်ကြားပေးချင်တယ်။ပြုစုပေးချင်တယ်။တစ်မိုးအောက်မှာ
ချစ်သူနဲ့အတူအသက်ရှင် ရပ်တည်ရတဲ့အခါမှာ မိန်းမရဲ့စိတ်မှာ လုံခြုံစိတ်နဲ့
ပြည့်ဝစိတ်ကိုခံစားရတယ် ၊ အိမ်အလုပ်တစ်ခုခုလုပ်တဲ့အခါ
ဒါမှမဟုတ်
စာကျက်နေတဲ့အခါ ကိုယ်နဲ့မလှမ်းမကမ်းမှာ ကိုယ့်ချစ်သူရှိနေရုံနဲ့
ချစ်သူရဲ့ကိုယ်ရနံ့လေးခံစားနေရယုံနဲ့ မိန်းမတွေမှာ နှစ်သိမ့် ကြည်နူးရတယ် ၊
ချစ်သူကိုဖိနပ်တိုက်ပေးတဲ့အခါ ခြေအိတ်လျှော်ပေးတဲ့အခါ
ကျွန်ခံစိတ်နဲ့လုပ်ပေးတာလို့မောင်ထင်နေသလား ကျွန်တစ်ယောက်ကသခင်တစ်ယောက်ကို
ပြုစုသလိုပြုစုတာမဟုတ်ဘူး။မိခင်တစ်ယောက်က သားကိုပြုစုပေးသလိုပြုစုပေးတာ
အဲဒါတွေက ကျိုးနွံနာခံမူတွေမဟုတ်ဘူး။ တာဝန် ၀တ္တရားတွေမဟုတ်ဘူး ၊
အဲဒါအချစ်တွေ")
(မိန်းမတစ်ယောက်အိမ်ထောင်ပြုတာဟာ
ဘ၀သစ်တစ်ခုဖန်တီးဖို့ ခြေလှမ်းစလိုက်တာ ၊ ကိုယ်အင်မတန်ရေးချင်တဲ့
ဝတ္တုတစ်ပုဒ်ကို ဖန်တီးယူသလို ၊ ပန်းချီကားတစ်ချပ်ကို ဖန်တီးယူသလို
ကိုယ့်ခင်ပွန်းနဲ့ သားသမီးတွေအတွက် အကောင်းဆုံး အလှဆုံးဘ၀တစ်ခုရအောင်
ဖန်တီးချင်တဲ့စိတ်နဲ့
လက်ထပ်ကြတာ။ကိုယ်ပုံသွင်းပြုပြင်လိုက်တဲ့အိမ်ထောင်စုလေးသာယာဖို့ အတွက်
မိန်းမတွေဟာ သူရဲ့ဖြစ်တည်မှုကိုစွန့်လွှတ်လိုက်ရတယ်။မိန်းမတစ်ယောက်က
မြစ်တစ်စင်းဆိုရင် လင်ယောင်္ကျားကပင်လယ်တစ်ခုပဲ ။ မိန်းမရဲ့ဖြစ်တည်မှုက
လင်ယောင်္ကျားဆီကို စီးဝင်ပေါင်းစပ်သွားရတယ်။အဲဒါကိုကိုယ်က sense of
creation(ဖန်တီးလိုစိတ်)လို့သတ်မှတ်တယ်။)
No comments:
Post a Comment