Saturday, November 13, 2010

မန်းလေး

မန္တလေးမြို့

မန္တလေးသည် မြန်မာ နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သည်။ ၂၀၀၅ ခုနှစ် စာရင်းအရ လူဦးရေ ၉၂၇၀၀၀ ရှိသည်။ ကုန်းဘောင် မင်းဆက် ၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့သည်။ မန္တလေးတိုင်း၏ မြို့တော် ဖြစ်သည်။

မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ၀၈ မိနစ် ကြားတွင် တည်ရှိသည်။ ရန်ကုန်မြို့နှင့် ၄၄၅ မိုင် (၇၁၆ ကီလိုမီတာ) ကွာဝေးသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်သည်။

ပါဝင်သော မြို့နယ်များ

* အောင်မြေသာဇံမြို့နယ်
* ချမ်းအေးသာဇံမြို့နယ်
* ချမ်းမြသာစည်မြို့နယ်
* မဟာအောင်မြေမြို့နယ်
* ပြည်ကြီးတံခွန်မြို့နယ်
* အမရပူရမြို့နယ်
* ပုသိမ်ကြီးမြို့နယ် တို့ဖြစ်ကြသည်။

ချမ်းအေးသာဇံမြို့နယ်သည် မန္တလေးမြို့၏ အဓိက စီးပွားရေး အချက်အခြာမြို့လယ် ဖြစ်သည်။ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံ၏ နောက်ဆုံး နန်းတော်ဖြစ်သော မြနန်းစံကျော် ရွှေနန်းတော်မှာ အောင်မြေသာဇံမြို့နယ်တွင် တည်ရှိသည်။ ပြည်ကြီးတံခွန်မြို့နယ်တွင် မန္တလေးစက်မှုဇုန် တည်ရှိသည်။ အမရပူရမြို့သည် မန္တလေးမတိုင်မီက မင်းနေပြည်တော် ဖြစ်ခဲ့ပြီး နန်းတော်ရာဟောင်းနှင့် စေတီပုထိုး အများအပြား တွေ့မြင်နိုင်သည်။
သမိုင်းကြောင်း

မန္တလေးမြို့ကို ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက်သည့်ကြားမှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော် လည်းဖြစ်သည်။ ဒေါက်တာသန်းထွန်း ရေးသော မြန်မာသမိုင်းနိဒါန်းတွင် မန္တလေး = တောင်ငယ်လေး ဟု အဓိပ္ပါယ်ရသည်။

* ၁၈၅၃ စက်တင်ဘာလ (၁၁) ရက်နေ့ – အမရပူရ မင်းနေပြည်တော်မှ မပြောင်းသင့်ကြောင်း ရဟန်းပညာရှိ၊ လူပညာရှိ အပေါင်းက မစိုးရိမ်တိုက်မှာ စည်းဝေး ဆုံးဖြတ်ပြီး မင်းတုန်းမင်းထံ မေတ္တာစာ ရေးသွင်းပါသည်။
* ၁၈၅၆ အောက်တိုဘာ (၃၀) ရက်နေ့ - မြို့သစ် တည်မဲ့နေရာကို မင်းကိုယ်တိုင် သွားရောက် ကြည့်ရှုပါသည်။
* ၁၈၅၆ အောက်တိုဘာ (၃၁) ရက်နေ့ - မြို့ သစ်နေရာရဲ့ အသေးစိတ် town plan ကို ရေးသား တင်သွင်း စေပါသည်။
* ၁၈၅၇ ဇန်န၀ါရီ (၁၃) ရက်နေ့ - မန္တလေးမြို့တော်သစ် တည်စေ- အမိန့်တော်ကို ချမှတ်ပါသည်။
* ၁၈၅၇ ဖေဖော်ဝါရီ (၁) ရက်နေ့ မှ ၁၈၅၉ ဇူလိုင်လ (၁၆) ရက်နေ့ ထိ- မြို့ တော်သစ်တည်ဆောက်ရန်ပြင်ဆင်မှုများ ဆောင်ရွက်ပါသည်။
* ၁၈၅၉ ဧပြီ (၂ဂ) ရက်နေ့ - မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် တန်ခူးလပြည့်ကျော် (၁၀) ရက်နေ့ မှာ မန္တလေး ရတနာပုဏ် မြို့တော်သစ်ကို တည်ဆောက်ပြီးစီးလို့ အုတ်ကျစ်ကျော်အေး မန္တလေးလို့ မှတ်သားရ လွယ်အောင် ကင်ပွန်း တပ်ခဲ့ပါသည်။

ဒီလောက် ရဟန်းရှင်လူ ပြည်သူအပေါင်း ကန့်ကွက် နေကြတဲ့အထဲက ဘာပြု လို့များ မြို့တော်သစ်ကို ဒီလောက် တည်ချင် ရတာလဲ? အကြောင်းရင်း အတိအကျကို သိချင်ရင်တော့ မင်းတုန်းမင်းကို သူရှိတဲ့နေရာ လိုက်မေးမှပဲ သိလိမ့်မယ်။ ဖြစ်နိုင်ဖွယ်များကို သုံးသပ်ကြရာမှာတော့- 1. ၁၈၅၂ ခုနှစ်မှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ကို နေပြည်တော် ဖြစ်တဲ့ အမရပူရကနေ ခံတိုက်ပြီး ရှုံးနိမ့် ခဲ့တယ်။

2. စစ်ရှုံးတဲ့ပုဂံမင်း နန်းကျပြီး ဘုရင်သစ် အဖြစ် မင်းတုန်းမင်း နန်းတက် ခဲ့တယ်။ (အမှန်တော့ နန်းကျတာက စစ်ရှုံးတာနဲ့ သိပ်မဆိုင်ပါ။ စစ်ရှုံးပြီး ဂယောက်ဂယက် ဖြစ်နေတာကို အခွင့်ကောင်း ယူပြီး ပုန်ကန် ထောင်လွှားနိုင်လို့ မင်းတုန်းက နန်းရ တာ ဖြစ်တယ်)

3. အသစ်တက်တဲ့ မင်းဟာ စစ်ရှုံးထားလို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အသရေညှိုးနေတဲ့ နေပြည်တော်မှာ ဘယ်နေချင် ပါ့မလဲ။

4. အလောင်းဘုရား လက်ထက်ကစလို့ ဘုရင်တစ်ပါး နန်းတက်တိုင်း မြို့သစ်တည် နန်းမြို့ပြောင်းတဲ့ အစဉ်အလာကြီးက လည်း ရှိခဲ့တယ်။ (ရွှေဘို၊ အင်းဝ၊ အမရပူရ လှည့်ပါတ် ပြောင်းနေကြတယ်)

5. သာသနာတော်ဟာ ပု၊ ပ၊ စ၊ ဝ၊ မ၊ တ၊ က၊ က၊ င ဆိုတဲ့ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ မန္တလေး၊ တကောင်း၊ ကောင်းတုံ၊ ကောင်းစင်၊ ငဆောင်ချမ်း စသည်ဖြင့် ဧရာဝတီ မြစ်ရိုး တလျှောက် မြောက်ကနေ တောင်ကို တဖြည်းဖြည်း ရွှေ့ပြီး ကိုးနေရာ ထွန်းကားမယ် ဆိုတဲ့ ရှေးသိုက်စာ အရ အင်းဝ ပြီးရင် မန္တလေးပဲ ဆိုပြီး မန္တလေးရူး,ရူးနေတဲ့ ရောဂါ ကုန်းဘောင်နှောင်းဆက် ဘုရင်တွေ ဆီမှာ ရှိတယ်။ ဘိုးတော်ဘုရား ခေါ် ဘုရင်ဦးဝိုင်း ကလည်း အမရပူရ မြို့သစ်ကို တည်ပြီး အဲဒါမန္တလေး ဆိုပြီး လုပ်ခဲ့တာပဲ။ မင်းတုန်းက သူ့လက်ထက်မှာ ဘုန်းလက်ရုံး ပြချင်တော့ အမရပူရနဲ့ မနီးမဝေး တောင်ပူစာနဲ့ မြစ်ချောင်း အင်း အိုင် ပေါပြီး စိမ်းလန်း စိုပြေတဲ့ နေရာကို ထပ်ပြီးမန္တလေး လုပ်ချင်တဲ့ သဘောနဲ့ မရ,ရအောင် တည်တယ်။

6. သာသနာ ၂၄၀၀ ရောက်ရင် (၁၂၁၈ ခုနှစ် သို့ မဟုတ် ခရစ်နှစ် ၁၈၅၆) အင်္ဂါနံ မင်းက မြို့သစ် တည်မယ်။ ဒီအခါ သာသနာတော်ဟာ မကြုံစဖူး ထူးကဲစွာ စည်ပင် ပြန့်ပွားပြီး မင်းဆက် ၄၇ ဆက် ကြာအောင် မြို့သက် ရှည်မယ် ဆိုတဲ့ တဘောင် ပေါ်ပေါက် လာတယ်။ (တကယ်တော့ တဘောင်ဆိုတာ တက်လာတဲ့ မင်းအပေါ် မူတည်ပြီး အခြေအနေကြည့် မြှောက်ပင့် ရေးထားတဲ့ ဘုန်းတော်ဖွဲ့ စာတစ်မျိုး မဟုတ်လား)၊ ဒီတဘောင်ကြောင့် သူ နန်းစတက်တဲ့ ၁၈၅၃ ခုနှစ်က စလို့ မြို့သစ် တည်ချင်လွန်းလို့ မင်းတုန်းဟာ ထွန့်ထွန့် လူးနေပါတယ်။

ဒီလို မြို့သစ်တည်တဲ့ မင်းအပေါ် ပြည်သူလူထုက ဘယ်လို မြင်ကြသလဲ? လူသိများတဲ့ ပါးစပ်ရာဇ၀င် တစ်ခုကို ကြည့်တဲ့အခါ- မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား မျက်နှာတော်ဖွင့်ပွဲကို ၁၈၆၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ကျင်းပတော့ ဇာတ်ပွဲတွေ အများကြီးနဲ့ အကြီးအကျယ် ၀ှဲချီးကျင်းပ ဆိုပဲ။ ဘုရားပွဲကို လူတစ်ယောက် လှည်းနဲ့ ပွဲလာကြည့်တုန်း အိမ်ရှေ့စံ ကနောင်က သာမာန်အဝတ်နဲ့ ထွက်လာပြီး လှည်းကြုံ လိုက်စီး သတဲ့။ လှည်းပေါ် ရောက်တော့ “ဘယ်နှယ့်၊ ဘကြီး၊ ပျော် ရဲ့လား” လို့ စကား စသတဲ့။ “ပျော်သယ်လို့ ဘယ်ဟုတ် ပါ့မလဲကွယ်၊ ပွဲ ဆိုတော့လည်း ကြည့်ချင် သာပ၊ မြို့ဆောက်ရ၊ ကျုံးတူးရ၊ မြေသယ်ရ၊ မြောင်းသွယ်ရ၊ ကျောက်သယ်ရနဲ့ ငတို့မှာ နားရတယ် မရှိပါဘူး” လို့ ပြန်ဖြေတော့ “ဒီမင်းက မြို့သစ် တည်ချင်လို့ ပါဗျ။ နောက်မင်း လာရင် သက်သာ မှာပါ” (နောက်မင်းက သူလေ) လို့ ကနောင်က ဆွယ်ပြောလေး ပြောတဲ့အခါ လှည်းဆရာကြီးက ဒေါထပြီး “မထင်ပါနဲ့ မောင်ရယ်၊ ဒီခွေးမျိုးတွေ ဒီလိုပဲ နေမှာပဲ” လို့ တုတ်လိုက်သတဲ့။ တကယ်မဟုတ်ပဲ ပါးစပ်ပြော ဆိုဦးတော့၊ အဲဒီခေတ် လူတွေရဲ့ ဒုက္ခကြောင့် ငြည်းတွားရာက ပေါ်ပေါက်ခဲ့တဲ့ ပဲ့တင်သံလို့ ယူဆ နိုင်ပါတယ်။ ဘုရင်ကို ဒီလိုပြောတာကို ဘုရင်ဖြစ်တော့မယ့် ကနောင်က အပြုံးမပျက် ခံခဲ့တာ ကတော့ အံ့သြစရာ


၁၉၀၄-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် မြို့တွင်း ဓာတ်ရထားလမ်း(ဘုရားကြီးမှ ဂေါဝန်ဆိပ်အထိ)ကို လက်ထောက်ဘုရင်ခံ ဆာမားရူးဘာနီက စတင်ဖွင့်လှစ်ခဲ့သည်။

ထင်ရှားသည့်နေရာများ
မဟာမြတ်မုနိ ရုပ်ရှင်တော်


မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိသည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၄ ခုနှစ်တွင် အိမ်ရှေ့မင်းသား ဦးပေါ်ကရခိုင် မှပင့်ဆောင်ခဲ့သည်။

မန္တလေးတောင်

မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ တောင်ပေါ်မှ ကြည့်ပါက မန္တလေးမြို့၏ သဘာဝ ရှုမျှော်ခင်းနှင့် ဧရာဝတီမြစ်၏အလှကို ကောင်းစွာ မြင်နိုင်သည်။

မန္တလေး နန်းတော်
မန္တလေး နန်းမြို့ရိုး နှင့် ကျုံး


ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေး နန်းတော်ကြီးသည် ကုန်းဘောင်မင်းဆက်၏ ဘုရင်များ စိုးစံခဲ့သော နေရာဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။

ပို့ဆောင်ဆက်သွယ်ရေး

ရန်ကုန်-မန္တလေး ရထားလမ်း ရှိပြီး မန္တလေးမြို့သည် အရှေ့ဘက်ရှမ်းကုန်းပြင်မြင့် ရှိ ပြင်ဦးလွင်၊ လားရှိုးနှင့် မြောက်ပိုင်း ရှိ မြစ်ကြီးနား မြို့များသို့သွားသော ရထားလမ်းခွဲများ စတင်ရာလည်း ဖြစ်သည်။မြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မကြီးမှ တဆင့်လည်း အဓိကစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး စသောလယ်ယာထွက်ကုန်များနှင့် အခြားကုန်ပစ္စည်း များကိုလည်း ရေလမ်းမှ တဆင့် တွင်ကျယ်စွာ ကူးသန်း ရောင်းဝယ်ကြသည်။ ရန်ကုန်-မန္တလေး အမှတ် (၁) နှင့် အမှတ်(၂)ကားလမ်းများဖြင့်လည်း ဆက်သွယ်သွားလာနိုင်သည်။မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကို ဒေါ်လာသန်း ၁၅၀ အကုန်အကျခံ၍ ၂၀၀၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ ဖြင့် ပို့ဆောင် ဆက်သွယ် ပေးနေပါသည်။

စီးပွားရေး လုပ်ငန်းများ


မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများ၏ အဓိက စီးပွားရေး စင်တာ တစ်ခု ဖြစ်သည်။ တရုတ် နှင့် အိန္ဒိယ တို့ကဲ့သို့သော ပြည်ပ ကုန်သွယ်မှုများအတွက် လမ်းကြောင်းသည် မန္တလေးမြို.ကို ဖြတ်သွားရသည်။ အဓိက စီးပွားရေး လုပ်ငန်းများမှာ ပိုးလုပ်ငန်း၊ ကျောက်စိမ်း ဖြတ်တောက် အရည်တင်ခြင်း၊ ပရိဘောဂ လုပ်ငန်း၊ အလှဆင်ကျောက်လုပ်ငန်း၊ ကျောက်ဆင်းတုတော်များနှင့် သစ်သား ရုပ်ပွားတော်များ ထုလုပ်ခြင်း၊ ငွေပြားခတ်ခြင်း၊ ရွှေဆိုင်းခတ်ခြင်း၊ အစရှိသည်တို့ ဖြစ်ကြသည်။

တက္ကသိုလ် များနှင့် ကောလိပ်များ

မန္တလေးတက္ကသိုလ်


ရတနာပုံတက္ကသိုလ်

မန္တလေးနည်းပညာတက္ကသိုလ်

တအုံကွန်ပျူတာတက္ကသိုလ်

တဟက်တောကွန်ပျူတာတက္ကသိုလ်

No comments:

Post a Comment